ထိုင်းကလေးတွေ ဂူထဲမှာ လနဲ့ချီ နေရဖွယ်ရှိ

ရှာဖွေရေး ၁၀ ရက် မြောက်တဲ့ နေ့ကျမှ ပြန်တွေ့

ဓာတ်ပုံ ရင်းမြစ်, AFP/ROYAL THAI NAVY

ဓာတ်ပုံ ပုံစာ, ရှာဖွေရေး ၁၀ ရက် မြောက်တဲ့ နေ့ကျမှ ပြန်တွေ့

ထိုင်းနိုင်ငံ မယ်ဆိုင် မြို့အနီးမှာ ရှိတဲ့ ထမ်လွန် နမ့်နွန် ဂူထဲ ပိတ်မိနေတဲ့ ကျောင်းသား ကလေးတွေဟာ ရေငုပ်နည်း သင်ရင် သင်၊ မဟုတ်ရင် ရေကျတာ ကို လနဲ့ချီ စောင့်ရဖွယ်ရှိတယ်လို့ ထိုင်း တပ်မတော်က ပြောလိုက်ပါတယ်။

အခုအချိန်မှာ ကယ်ဆယ်ရေး လုပ်ငန်းတွေဟာ ရေတွေ တိုးလာတာနဲ့ ရင်ဆိုင်နေရပြီး လောလောဆယ် လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအစာတွေကို ကလေးတွေဆီ သယ်ဆောင် သွားနိုင်ခဲ့ပါပြီ။

ကလေးတွေ အတွက် အနည်းဆုံး ၄ လ လောက် စားနိုင်မယ့် စားနပ်ရိက္ခာတွေ ပံ့ပိုးပေးထားမယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သူတို့ကို ရှာဖွေရေးဟာ ထိုင်း တနိုင်လုံးက အာရုံစူးစိုက်တာ ခံခဲ့ရပြီး အစတုန်းကတော့ သူတို့ ဘယ်နေရာ ရောက်နေတယ် ဆိုတာနဲ့ အသက်ရှင်လျက် ရှိ၊ မရှိကို သေချာ မသိခဲ့ရပါဘူး။

အခုသူတို့ကို ပြန်လည်တွေ့ခဲ့တဲ့ သတင်းကြောင့် ကလေးတွေရဲ့ မိသားစုတွေဟာ ဝမ်းသာ ပျော်ရွှင်နေကြပါတယ်။

ဗီဒီယို ပုံစာ, ထိုင်းကလေးငယ်တွေကို ရှာဖွေခဲ့ပုံ အဆင့်ဆင့်
ပျော်ရွှင်နေတဲ့ မိသားစုဝင်တချို့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပျော်ရွှင်နေတဲ့ မိသားစုဝင်တချို့

ထိုင်းမြောက်ပိုင်း ချင်းရိုင် ခရိုင်မှာရှိတဲ့ ထမ်လွန် နမ့်နွန် ဂူကြီးဟာ မိုးရာသီ အချိန်ဆိုရင် ပုံမှန် ရေကြီး လေ့ရှိပါတယ်။ မိုးရာသီဟာ လာမယ့် စက်တင်ဘာလ သို့မဟုတ် အောက်တိုဘာလ အထိ ကြာမြင့်နိုင်ပါတယ်။

အဲဒီ အချိန်မတိုင်ခင် ကလေးတွေကို ကယ်ထုတ်ချင်ရင် သူတို့ဟာ အခြေခံ ရေငုပ်နည်းကို တတ်မြောက်အောင် သင်ကြားရပါမယ်။ သူတို့ဟာ အန္တရာယ် များလှတဲ့ ရွှံ့နွံတွေထူပြောပြီး မြင်ရဖို့ ခက်ခဲတဲ့ ရေအောက်ကနေ ဖြတ်ကူးရမှာပါ။

အခုလောလောဆယ်အထိ ဂူထဲက ရေအမြင့်ကို လျှော့ချနိုင်ဖို့ ရေတွေကို စုပ်ထုတ်နေတာကလည်း အောင်မြင်မှု မရသေးပါဘူး။