သမ္မတဟောင်း ဦးသိန်းစိန် အစိုးရအဖွဲ့လက်ထက်မှ စတင်တာဝန်ယူဆောင်ရွက်ခဲ့သည့် ဗဟိုဘဏ်ဥက္ကဌ၊ ဒုဥက္ကဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များကို ယခုအချိန်ထိ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမည့် ညွှန်ကြားချက် အစိုးရ သစ်က ထုတ်ပြန်ထားခြင်းမရှိ၍ ယခင် အစိုးရခန့်အပ်ထားသူများကသာ ဆက်လက် တာဝန်ယူ ထားဆဲ ဖြစ်ကြောင်း သိရှိရသည်။
ဗဟိုဘဏ် ဒုဥက္ကဋ္ဌဦးဆက်အောင်က “ကျနော်တို့ဆီမှာ ကာလရှိပါတယ်။ ကျနော်တို့ ကာလပြီးသွားရင် အားလုံး ပြီးသွားမှာပါ။ ကျနော်တို့ ဒုဥက္ကဌတွေက ၂၀၁၇ မှာ ပြီးပါမယ်။ ဥက္ကဌကတော့ ၂၀၁၈ မှာ ပြီးပါမယ်။ အဲဒီကျမှပဲ အပြောင်း အလဲ ရှိပါမယ်။ တကယ်လို့ တက်လာတဲ့အစိုးရကနေ ပြောင်းမယ်ဆိုလည်းပြောင်းလို့ ရပါတယ်။ လက်တလော ကတော့ ကျနော်တို့ဆီကို ဘာညွှန်ကြားချက်မှ မလာသေးပါဘူး” ဟု ဧရာဝတီသို့ပြောသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ကို ဗဟိုဘဏ်ဥပဒေပြဌာန်းခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ယင်းဥပဒေ နှင့်အညီ လူပုဂ္ဂိုလ် ၉ ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဌ ၁ဦး၊ ဒုဥက္ကဌ ၃ ဦးနှင့် အခြား ဒါရိုက်တာအဖွဲ့ဝင် ၅ ဦးတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိ ဗဟိုဘဏ် ဥက္ကဌအဖြစ် ဦးကျော်ကျော်မောင်၊ ဒုဥက္ကဌ ၃ ဦး အဖြစ် ဦးဆက်အောင်၊ ဒေါ်ခင်စောဦး၊ ဦးစိုးမင်း တို့ တာဝန်ယူထားပြီး၊ အဖွဲ့ဝင်များအဖြစ် သံအမတ်ကြီး (ငြိမ်း) ဦးလှမောင်၊ ဒေါက်တာလှမောင် စီးပွားရေး တက္ကသိုလ် (ငြိမ်း)၊ ဦးကျော်မင်းထွန်း စီးပွားရေးတက္ကသိုလ် (ငြိမ်း)၊ ဦးသန်းအောင်ရင် မုံရွာစီးပွားရေး တက္ကသိုလ်( ငြိမ်း)နှင့် ဦးကြည်ရှိန်(ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာန (ငြိမ်း)) တို့က တာဝန်ယူဆောင်ရွက်လျှက် ရှိသည်။
ဗဟိုဘဏ် အဖွဲ့ဝင် ဖြစ်သော စီးပွားရေးပညာရှင် ဦးမော်သန်းသည် ၂၀၁၃ ခုနှစ် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သော်လည်း ယခုအခါ နုတ်ထွက်သွားပြီဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် ခန့်အပ်ခံရ၍ စတင် တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်း းသိရှိရသည်။
ဗဟိုဘဏ်ဥပဒေပါ အခန်း ၃၊ ပုဒ်မ (၉/ခ) အရ ဥက္ကဌ၏ သက်တမ်းသည် ၅ နှစ်ဖြစ်ပြီး၊ ကျန်ဒါရိုက်တာ အဖွဲ့ဝင်များအားလုံး၏ သက်တမ်းမှာ ၄ နှစ်ဟု သတ်မှတ်ထားသဖြင့် ၂၀၁၃ ခုနှစ်တွင် စတင်တာဝန်ယူခဲ့သော လက်ရှိဒါရိုက်တာအဖွဲ့ဝင်များ၏ သက်တမ်းမှာ ဆက်လက်ကျန်ရှိနေဆဲ ဖြစ်သည်။
ဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ဝင်များက လက်ရှိတွင် ဗဟိုဘဏ်၏ ပုံမှန်လုပ်ဆောင်မှုလုပ်ငန်းအရ ငွေကြေးမူဝါဒဆိုင်ရာများကို ဆက်လက်လုပ်ကိုင်နေသည်ဟု ဦးဆက်အောင်၏ ပြောဆိုချက် အရ သိရှိရသည်။
“အခုလောလောဆယ် ဗဟိုဘဏ်ကလုပ်နေတဲ့ ငွေကြေးမူဝါဒတွေ ကျနော်တို့ ဆက်လုပ်နေပါတယ်။ အစိုးရတခုပြောင်းတိုင်း ငွေကြေးမူဝါဒတခု ပြောင်းတယ်ဆိုတာတော့ မဟုတ်ဘူး။ နိုင်ငံတိုင်းမှာ ဗဟိုဘဏ်က အမြဲတမ်းလုပ်နေရမယ့် ငွေကြေးမူဝါဒပဲ။ ဒါကတော့ အစိုးရပြောင်းတာနဲ့ မဆိုင်ဘူးဗျ” ဟု ၎င်းက ဆိုသည်။
ကမ္ဘောဇဘဏ် အကြံပေးဦးသန်းလွင်က “လက်ရှိအချိန်တွင် ကောင်းခြင်းမကောင်းခြင်း ပြောဆိုရန်ထက် အစိုးရသစ်က အသေချာသုံးသပ်ဖို့လိုတယ်။ သူတို့ သက်တမ်းတွေက အပြည့်လုပ်မယ်ဆိုလည်း အစိုးရခွင့်ပြုရင် ရမှာပေါ့။ဒါပေမယ့် ဒါက အစိုးရကဘယ်လိုမြင်လဲ ဘာလဲ ဆိုတာတော့ မသိဘူး။ လောလောဆယ် ဘယ်သူကောင်းတယ် ၊ မကောင်းဘူး သွားပြောလို့မရဘူး။ အစိုးရအနေနဲ့ သေချာသုံးသပ်ဖို့ပဲလိုတာပါ” ဟု ပြောသည်။
လက်ရှိဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ ကိုင်တွယ်ခဲ့သည့် သမ္မဟောင်းဦးသိန်းစိန် အစိုးရအဖွဲ့ လက်ထက်အတွင်း ငွေလဲလှယ်နှုန်း မတည်မငြိမ်မှုများ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ငွေလှဲလှယ်နှုန်း ဆက်တိုက်မြင့်တက်မှုအဖြစ် ၁ ဒေါ်လာ လဲလှယ်နှုန်းလျှင် ၁၃၀၀ ကျပ် ကျော်အထိ ရောက်ရှိခဲ့ကြောင်း၊ ငွေလဲလှယ်နှုန်းမတည်ငြိမ်မှု ဖြစ်စဉ်နှင့် အတူ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဂယက်ရိုက်ခဲ့ကာ သွင်းကုန်ပစ္စည်းများ ဈေးမြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း၊ သို့သော် လက်ရှိအချိန် ငွေလဲလှယ်နှုန်းသည် အတက်အကျ မကြမ်းတော့ဘဲ အမေရိကန် ၁ ဒေါ်လာလျှင် ၁၂၀၀ အောက် ဈေးနှုန်းဖြစ်ပေါ်နေကြောင်း သိရှိရသည်။
အစိုးရသစ်လက်ထက်တွင် ဗဟိုဘဏ်ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် ဆန္ဒရှိပါကလည်း ဘဏ်ပညာရှင် ရှားပါးခြင်း ကြောင့် လူဟောင်းလူသစ် မျှတစွာဖြင့် ဖွဲ့စည်းစေလိုကြောင်း ပို့ကုန်သွင်းကုန် စီးပွားရေး လုပ်ငန်းရှင်တဦးဖြစ်သည့် ဦးမြတ်သင်းအောင်က အကြံပြုပြောဆိုသည်။