ထိုင်းဘုရင့်တပ်မတော်ဟာ ရုရှားလုပ် ပင်မ တိုက်ခိုက်ရေး တင့်ကားတွေဝယ်ယူဖို့ ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ကို ရုရှားသို့ စေလွှတ်ကာ တင့်ကား ထုတ်လုပ်တဲ့ Nizhny Tagil ကို သွားရောက်ကြည့်ရှု စေခဲ့တယ်လို့ ကာကွယ် ရေးဆိုင်ရာ သတင်းများ ထွက်ပေါ်နေပါတယ်။
ထိုင်း တပ်မတော်ကိုယ်စားလှယ်အဖွဲ့ဟာ T – 90s နဲ့ MBT လို့ခေါ်တဲ့ T- 14 Armata အမျိုးအစား တိုက်ခိုက် ရေးတင့် ကားတွေကို စိတ်ဝင်စားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီး T- 14 Armata အမျိုးအစားကတော့ ပြည်ပ ကို ရောင်းချဖို့ စမ်းသပ်ဆဲဖြစ်တာကြောင့် ထိုင်းတပ်မတော်မှာ လက်ရှိ အသုံးပြုနေတဲ့ အမေရိကန်လုပ် M 48 A 5 အမျိုးအစား တင့်ကားတွေနေရာမှာ အစားထိုးဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါဆိုရင် ထိုင်းတပ်မတော်ဟာ T – 90s တင်ကားတွေကိုသာ ဝယ်ယူမယ်လို့ယူဆရပါတယ်။
ရုရှားကတော့ သူတို့ရဲ့ ပင်မတိုက်ခိုက်ရေး T-90 တင့်ကားတွေဟာ ကမ္ဘာမှာ အမြန်ဆုံးပစ်ခတ်နိုင်တဲ့ အမျိုးအစားဖြစ်လာမယ်လို့ ၂၀၁၅ခုနှစ်က ပြုလုပ်တဲ့ နိုင်ငံတကာ လက်နက်ပြပွဲမှာ ဆိုပါတယ်။
ဒီအတောအတွင်း ရုရှား လုံခြုံရေး ကောင်စီ အတွင်းရေးမှူး နီကိုလိုင် ပတူရှက်ဗ် ဟာ ထိုင်းနိုင်ငံနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို လာရောက် လည်ပတ်မှာဖြစ်ပြီး ထိုင်းနိုင်ငံကိုတော့ ဖေဖေါ်ဝါရီ ၁၀ ရက်နေ့မှာ ရောက်ရှိပြီး ၂ရက်ကြာနေထိုင်မယ်လို့ မနေ့က ရုရှားသတင်းတွေမှ ဖော်ပြထားတာကြောင့် သူရဲ့ ထိုင်းခရီးစဉ်မှာ တင့်ကား များ ဝယ်ယူရေးအတွက် ဆေးနွေးမယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ထိုင်းတပ်မတော်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်တုန်းကလည်း ယူကရိန်းထံမှ အမေရိကန်ဒေါ်လာ သန်း ၂၄၀ တန်ဘိုးရှိ T – 84 Oplot အမျိုးအစား အစီး ၅၀ ဝယ်ယူဖို့ စာချုပ်ခဲ့ပေမယ့် ၂၀၁၅ခုနှစ်အထိ တင့်ကား တွေ ပေးပို့ဖို့ နောက်ကျနေတာကြောင့် ရုရှား လုပ် တင့်ကားတွေ ဝယ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။
ထိုင်းတပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းထိုင်းကလည်း ထိုင်းတပ်မတော်အနေနဲ့ တင့်ကားသစ်တွေ ဝယ်ယူဖို့ စီစဉ်နေတယ်ဆိုတာ မှန်တယ်လို့ ဝန်ခံပြောကြားလိုက်ပြီး ဒါပေမယ့် ကုန်ကျစရိတ်သက်သာနိုင်သမျှ သက်သာဖို့၊ ပွင့်လင်းမြင်သာမှု ရှိဖို့ကို အလေးထားတယ်၊ စစ်အသုံးစရိတ်နဲ့ ပတ်သက်လို့ လူထုရဲ့ စိုးရိမ်ပူပန်မှု ကို နားလည်သဘောပေါက်ပါတယ်၊ တိုးတက်မှု တစုံတရာရှိရင်လည်း သတင်းထုတ်ပြန်ပေးမယ်လို့ ယနေ့ထုတ် Bangkok Post သတင်းမှာဖော်ပြထားတယ်ပါတယ်။
ထိုင်း ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး ပရာဝစ်ကတော့ ပထမပိုင်း တင့်ကားတွေဝယ်ယူမယ်ဆိုတဲ့ သတင်း ကို ငြင်းပေမယ့် နောက်ပိုင်းမှာတော့ ရုရှားက သူတို့လုပ်တဲ့ တင့်ကားတွေကို ကြည့်ဖို့ ဖိတ်ကြားခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ပြည်တွင်းမီဒီယာတွေကတော့ ထိုင်းတပ်မတော်အနေနဲ့ ရုရှားလုပ် T – 90 အမျိုးအစားနဲ့ အပြိုင် တရုတ်လုပ် VT- 4/ MBT- 3000 အမျိုး အစားကို စိတ်ဝင်စားပေမယ့် ရုရှားလုပ် အမျိုးအစားကိုပဲ ရွေးချယ်နိုင်တယ်လို့ ပြည်တွင်းမီဒီတွေ က ဆိုပါတယ်။
ရုရှားရော တရုတ်ပါ ဒီတင့်ကားတွေကို ဆိုဗီယက်ခေတ်က T- 72 အမျိုးအစားတွေကို အခြေခံပြီး တည် ဆောက် ထားကာ ၁၂၅ မီလီမီတာ စက်သေနတ်ကို တတ်ဆင်ထားတာဖြစ်ပါတယ်။
လက်နက်ရောင်းချမှုနဲ့ ပတ်သက်ပြီး ရုရှားဟာ ၁၉၉၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တင့်ကားပေါင်း ၁၂၉၇ စီး ကမ္ဘာတဝှန်းရောင်းချခဲ့ပြီး တရုတ်ကတော့ ၄၆၁ စီး ရောင်းချထားပြီဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံဟာလည်း ရုရှားလုပ် T 72sတင့်ကားတွေ၊ တရုတ်- ပါကစ္စတန် ဖက်စပ် MBT2000 အပြင် ယူကရိန်းလုပ် သံချပ်ကာကားတွေကို ဝယ်ယူအသုံးပြု လျှက်ရှိသလို ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းမှာပဲ ပါကစ္စတန်နိုင်ငံလုပ် JF-17 Thunder တိုက်လေယာဉ်တွေ ဝယ်ယူခဲ့သလို အစ္စရေးလုပ် အမြန်ကင်းလှည့်ရေယာဉ်တွေကို လည်း ဝယ်ယူခဲ့ပါသေးတယ်။