ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရခိုင်အမျိုးသားပါတီ (ANP) က ပြည်နယ်လွှတ်တော် အမတ်များ ဦးဆောင်မှုဖြင့် ယာယီတဲအိမ်များ စတင် ဆောက်လုပ်ပေးနေပြီ ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရ အနေဖြင့် လက်ရှိအချိန်အထိ စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အနည်းငယ် ပံ့ပိုးပေးမှု မှလွဲ၍ တခြားသော ကူညီထောက်ပံ့ပေးမှုများ မရှိသေးသည့် အတွက်ကြောင့် ANP ပြည်နယ် လွှတ်တော်အမတ်များက ရခိုင် တိုင်းရင်းသား ပြည်တွင်းပြည်ပ အလှူရှင်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ လှူဒါန်းငွေဖြင့် ယာယီတဲများ ဆောက်လုပ်ပေးရခြင်း ဖြစ်ကြောင်း ပြည်နယ်လွှတ်တော် အမတ်များက ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့နယ်၊ ပြည်နယ်လွှတ်တော်အမတ် ဦးမောင်မောင်က “လွှတ်တော်အတွင်းမှာ ပြည်နယ်အစိုးရအနေနဲ့ စစ်ဘေး ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့၊ အခု မိုးရာသီဖြစ်တဲ့အတွက် စာသင်ကျောင်းတွေမှာနေလို့ အဆင်မပြေတဲ့အတွက် အဆောက်အဦလေးတွေ လုပ်ပေးဖို့ဆိုပြီး အဆိုတင်သွင်းပါတယ်။ အဲဒါကို ပြည်နယ်အစိုးရက အချိန်နဲ့ တပြေးညီ ဆောင်ရွက်နိုင်မှု အားနည်းတယ်လို့ မြင်တဲ့အတွက် အလှူရှင်တွေကို နှိုးဆော်ပြီးတော့ အဲဒီ ပိုက်ဆံတွေနဲ့ ကျနော်တို့ပါတီက ကမကထ လုပ်ပြီးတော့ ကြပ်မတ်သွားမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။
ကျောက်တော်မြို့နယ်ရှိ ငစရိုင်းကိုင်း ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၅၀ ကျော်၊ ပညာ၀ ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၂၉ စုရှိပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ ၄၁၈ ယောက်အတွက် ယာယီတဲ အလုံးပေါင်း ၇၀ ကျော် ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင် ဒုက္ခသည် ၇၀၀ နီးပါးအတွက် ယာယီတဲအိမ် ၁၀၆ လုံး ဆောက်လုပ် ပေးသွားမည်ဖြစ်ပြီး မေ ၂၆ ရက်တွင် ယာယီတဲအိမ်များကို စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ရသေ့တောင်မြို့နယ်၊ ပြည်နယ် လွှတ်တော်အမတ် ဦးဦးသန်းနိုင်က ပြောသည်။
“ပြည်နယ်အစိုးရက အကူအညီပေးမယ်လို့တော့ ပြောထားတယ်။ ဒါပေမယ့် အခုချိန်အထိ မရောက်သေးဘူး။ အဲဒါကြောင့် အလှူရှင်တွေကို လိုက်ရှာပြီးတော့ ကျောင်းဖွင့်တဲ့ရာသီ မရောက်ခင်လေးမှာ အမိုးအကာအောက်ကို ရောက်အောင်လို့ အန်ကယ်တို့က ကြိုးပမ်းပြီးလုပ်ပေးနေတာ” ဟု ၎င်းက ဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်ရှိ အထက်သင်ပုန်းတန်းဒုက္ခသည်စခန်းမှ အိမ်ထောင်စုပေါင်း ၄၁ စု၊ ဖားကြွေဒုက္ခသည်စခန်းမှ အိမ် ထောင်စုပေါင်း ၂၈ စုတို့အတွက်လည်း ယာယီတဲအိမ်များဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၊ ဆီတောင် ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၄၂၂ ဦး၊ အလယ်ချောင်း ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၉၂ ဦးတို့အတွက် စုစုပေါင်း ယာယီတဲအိမ် ၁၁၇ လုံး ဆောက်လုပ်ပေးသွားမည်ဖြစ်ပြီး မေ ၂၃ ရက်က စတင် ဆောက်လုပ်နေပြီ ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအနေဖြင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များသို့ ဝင်ရောက် ခိုလှုံလာသော စစ်ဘေးရှောင် အိမ်ထောာင်စု ၃၈၅ စုအတွက် တအိမ်ထောင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် ကျပ်သိန်း ၇၇ဝ ကူညီပေးသွားမည့်အပြင် စစ်ဘေးရှောင်များ ဝင်ရောက်နေထိုင်သသော ကျေးရွာများတွင်လည်း ကျပ်သိန်း ၁၀၀ အကုန် ကျခံကာ ၃၀ × ၂၀ ပေ ယာယီ စာသင်ကျောင်း ၅ ကျောင်း ဆောက်လုပ်ပေးသွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
“ဝန်ကြီးချုပ်က နေပြည်တော် ရောက်နေတော့ ဝန်ကြီးချုပ် ရောက်တဲ့အခါမှ ဘယ်လိုလုပ်မလဲ၊ ကန်ထရိုက် ပေးမလား။ ရွာကလူတွေနဲ့ ဆောက်မလား။ ဒါမှမဟုတ် ကျနော်တို့ ဦးစီးဌာနတွေက ဦးဆောင်ပြီး ဆောက်မလားဆိုတာ ဆုံးဖြတ်ပြီး သွားပြီး လုပ်ကိုင်ပေးမယ်။ မသွားခင်က ဒီလိုတွေပေးဖို့ လိုအပ်တယ်ပြောတော့ ပေးပါဆိုပြီး ဆုံးဖြတ်ခဲ့တာ” ဟု ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ဆိုသည်။
ရက္ခိုင့် တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့ ဧပြီလ ၁၆ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ် ၄ မြို့နယ်ရှိ စစ်ရှောင် ဒုက္ခသည် အိမ်ထောင်စုပေါင်း ၃၈၅ စု၊ လူဦးရေ ၁၇၀၀ ကျော်ရှိကြောင်း သိရသည်။