နေပြည်တော် Horizon Lake View Hotel တွင် ဧပြီ ၂၇ ရက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အဖွဲ့ဝင်များနှင့် ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်အားလုံး ပါဝင်သည့် တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးစာချုပ် ဖြစ်ပေါ်လာစေရန် ဦးဆောင် ကြိုးပမ်းသွားမည်ဟု ပြောဆိုခဲ့ပြီး ထိုမှတဆင့် ၂၁ ရာစု ပင်လုံညီလာခံကို ဖော်ဆောင်သွားမည်ဟု ပြောဆိုသွားခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ပြောဆိုမှုနှင့် ပတ်သက်ပြီး နယ်ပယ်အသီသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကို ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် နန်းဆိုင်နွမ်က ဆက်သွယ် မေးမြန်းထားပါသည်။
ကိုမြအေး (၈၈ မျိုးဆက်ကျောင်းသား/ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ)
ကျနော်ထင်တာကတော့ ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးပွဲတခု သွားမယ်။ ဒါက နဂို Peace Process မှာလည်း ရှိပြီးသားပါ။ ဒီရက်ပိုင်း၊ လပိုင်းအတွင်းမှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ လက်မှတ်ထိုးလာအောင် အစိုးရသစ်အနေနဲ့ စွမ်းဆောင်နိုင်စွမ်းရှိမယ်ဆိုရင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက မလွဲမသွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ အဲဒါကို ပင်လုံလို့ ခေါ်မယ်ဆိုရင်လည်း ခေါ်လို့ရပါတယ်။ အဲဒီလိုပဲ ကျနော်မြင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတာက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ကြီးမားတဲ့ အဟန့်အတား တခုပဲ။ တိုက်ပွဲတွေဖြစ်နေရင် ဘယ်လို ပစ်ခတ်ရပ်စဲရေးတွေ သွားထိုးမှာလဲ။ တိုက်ပွဲတွေက မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြီးမားတဲ့အဟန့်အတား ဖြစ်နေပါတယ်။
ဦးခွန်ထွန်းဦး ( ဥက္ကဌ – ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် / SNLD)
လုပ်မယ်ဆိုရင်တော့ လူစုံပါမှာလား။ အချိန်ယူရဦးမယ်။ ဒုတိယ ပင်လုံဖြစ်ဖို့က တပ်နဲ့ညှိနှိုင်းမှ ရမှာပါ။ အချိန်အခါတွေ၊ ပါဝင်မယ့်သူတွေကလည်း အရေးကြီးတယ်။ တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သဟဇာတ မျှမှရမယ်။ မမျှရင်ပင်ပန်းမယ်၊ အချိန်ကုန်မယ်။ တပ်နဲ့က အပေးအယူ လုပ်ကိုလုပ်ရမယ်။ မလုပ်လို့ မရဘူး။ ဒေါ်အောင်ဆန်းစုကြည်က အဆင်ပြေတယ်။ တပ်က အဆင်မပြေဘူးဆိုရင် ဘယ်လိုလုပ်ကြမှာလဲ။ ဒီကိစ္စက အစပဲရှိသေးတယ် ကံသေကံမ ပြောလို့မရသေးပါဘူး။ အဆင်လည်း ပြေသွားနိုင်တယ်။
ဗိုလ်မှူးချုပ် တားဂျုတ်ဂျာ (ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ TNLA)
တကယ်ဖြစ်လာမလာ ဆိုတာတော့ ပြောလို့မရဘူး။ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုက ဘယ်လောက် အတိုင်းအတာ ရှိလဲ ဆိုတာပါပဲ။ ကျနော်တို့ဘက်က ပါဝင်ဖို့ အဆင်သင့်ပါ။ ညီလာခံဖြစ်ဖို့က အဓိကတော့ အပစ်အခတ် ရပ်စဲရေး အရင်လုပ်ရမယ်။ အဲဒါလုပ်ပြီးမှ တခြားလုပ်ရမယ်။ အခုလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ အရင်ရပ်အောင် လုပ်ရမယ်။ ကျနော်တို့ကတော့ စဉ်းစားစရာတွေ အများကြီးပါ။ တပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ပင်လုံညီလာခံက အခက်အခဲတွေ ကြုံနိုင်တယ်။ အဆင်လည်း ပြေသွားနိုင်ပါတယ်။ ကျနော်တို့ ဘာမှပြောလို့မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဦးခိုင်သု (ရက္ခိုင့်တပ်မတော် – AA) ပြောရေးဆိုခွင့်ရှိသူ
ပင်လုံညီလာခံကို ၁ လ၊ ၂ လ အတွင်းမှာ ဖြစ်အောင်လုပ်မယ်ဆိုတော့ ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ကျနော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်မယ့် ငြိမ်းချမ်းရေးကိစ္စတွေကို ကြိုဆိုပါတယ်။ မြန်မာနိုင်ငံမှာဖြစ်တဲ့ ပြည်တွင်းစစ်က တိုင်းရင်းသား တန်းတူညီမျှမှုမရှိတဲ့ ပြဿနာပါ။ အထူးသဖြင့်တော့ ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားတွေကြားမှာ တန်းတူညီမျှမှုမရှိတဲ့ ပြဿနာပါ။ အဲ့ဒါကြောင့်မို့လို့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ့။
အဓိကတော့ တိုင်းရင်းသားတွေ ကိုယ်တိုင် ပြဌာန်းတဲ့ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ဖို့ လိုအပ်တယ်။ အဲ့ဒါတွေကို အခြေခံဆွေးနွေးပြီး တိုင်းပြည်အပေါ်မှာ စေတနာရှိပြီး ဆွေးနွေးရင်တော့ ငြိမ်းချမ်းရေး ရနိုင်တာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတပ်မတော်နဲ့ ညှိနှိုင်းရမယ်။ မြန်မာတပ်မတော်ကို သမ္မတ ဦးထင်ကျော်က ဘယ်လောက်ထိ ထိန်းချုပ်နိုင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။
ဗိုလ်မှူးကြီး ဝဏ္ဏအောင် (တပ်မတော်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ/ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအဖွဲ့ဝင် (JMC-U) )
မနေ့က ကျနော်တို့ JMC အဖွဲ့ လမ်းညွန်မှုခံယူပါတယ်။ ကျနော်တို့က ဝိုင်းဝန်ကူညီသွားမှာပါ။ ကော်မတီတွေဖွဲ့ပြီး ဆက်လုပ်သွားဖို့ ရှိပါတယ်။ ဘယ်တော့လဲ ဆိုတာတော့ စောသေးတယ်။ ကျနော်တို့ ဘာမှ မပြင်ဆင်ရသေးတဲ့အတွက် ပြောလို့မရသေးပါဘူး။ ကျနော်တို့နဲ့ လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ကတော့ ကျနော်တို့နဲ့ တိုက်ပွဲတွေ မရှိတော့ပါဘူး။ ကျန်တာကတော့ ဝင်ပြီးပြောတာ ဆွေးနွေးတာတော့ မရှိပါဘူး။ ကျနော်တို့က ငြိမ်းချမ်းရေးကို ဦးတည်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် ငြိမ်းချမ်းတဲ့အရေးကို ဝိုင်းဝန်းပြီးကူညီ ဆောင်ရွက်သွားမှာပါ။