၂၀၀၈ ခုနှစ် နောက်ပိုင်းကစပြီး ဇာတ်ကားမရိုက်တာ ၈ နှစ်ကျော်ကြာပြီဖြစ်တဲ့ မင်းသား ကျော်သူ ပထမဆုံး ပြန်လည်ရိုက်ကူးခဲ့တဲ့ “ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား” ရုပ်ရှင်ဇာတ်ကားကို မေလ ၂၇ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
အဆိုပါ ရုပ်ရှင်ဇာတ်ကားကို လက်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှ စီစဉ်ထုတ်လုပ်ပြီး ကျော်သူ၊ ရန်အောင်၊ မင်းဦး၊ စံရတီမိုးမြင့်၊ မေမြတ်နိုးနဲ့ အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအမျိုးအစားက ကိုလိုနီခေတ် နောက်ခံ လူနေမှုဘဝကို ထင်ဟပ်တဲ့ လျှို့ဝှက်သည်းဖို စုံထောက် ဇာတ်လမ်း အမျိုးအစားဖြစ်ပြီး ကိုလိုနီခေတ်မှာ ဖိနှိပ်ခံခဲ့ရတဲ့ ပြည်သူလူထုရဲ့ အနှိမ်ခံ ဘဝကို မြင်တွေ့ရပြီး မျိုးချစ်စိတ်များ ပေါ်ပေါက်လာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်ကူးထားတယ်လို့ သိရပါတယ်။
ဇာတ်လမ်းအစမှာ လူသတ်မှုမှာ ကြံရာပါမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ သုဘရာဇာ ဆိတ်ဖွားက ထောင်က လွတ်လာပြီး သူယခင်က လုပ်ကိုင်ခဲ့တဲ့ တောင်ငူသချၤိုင်းကို ရောက်တဲ့အခါ သူ့နေရာမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ သုဘရာဇာအသစ် ရောက်ရှိနေတာကြောင့် သုဘရာဇာမရှိတဲ့ ရန်ကုန် တာမွေ သချၤိုင်းကို ဆိတ်ဖွား ပြောင်းရွှေ့လာခဲ့ပါတယ်။
တာမွေ သင်္ချိုင်းကို စုံစမ်းသွားလာရင်း အလာလမ်းမှာ ကြုံတွေ့ရတဲ့ မန္တလေးမှာ အိပ်ပြီး မနက်ဘက် ရန်ကုန် ပုစွန်တောင်ပန်းခြံကို ထူးဆန်းစွာ ရောက်ရှိလာတဲ့ သူဌေးသား အိုလီဗာသန်းအေးနဲ့ ဆိတ်ဖွား တယောက် ဆုံတွေ့ပုံကို ဟာသအနည်းငယ်နှောပြီး ရိုက်ပြထားတာ တွေ့ရပါတယ်။
တာမွေ သချၤိုင်းရောက်တဲ့အခါ သူတောင်းစား အိုလံ (ရန်အောင်)နဲ့ တွေ့ဆုံပြီး သူတောင်းစားနဲ့ သုဘရာဇာတို့ မိတ်ဆွေဖွ့ဲပြီးနောက် တာမွေသချၤိုင်းမှာ နှစ်ဦးသား ကြုံတွေ့ရတဲ့ သူဌေးသား အိုလီဗာသန်းအေးရဲ့ ထူးဆန်းတဲ့ အလောင်းမဲ့ ဂူသွင်း အသုဘတခုကနေ အစပြုလို့ ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ပဟေဠိဆန်ဆန် ရိုက်ကူးထားပါတယ်။
အဲဒီနောက် သုဘရာဇာဆိတ်ဖွားနဲ့ သူတောင်းစားအိုလံတို့ ရုပ်ဖျက်ကာ ဆိတ်ဖွားက ပြင်သစ်ပြန် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ယောင်ဆောင်ပြီး လူကုံထံများရဲ့ ဧည့်ခံပွဲတခု တက်ရောက်ခဲ့ပါတယ်။
ဆိတ်ဖွားက သူဖော်ထုတ်ချင်နေတဲ့ အိုလီဗာသန်းအေးရဲ့ အသုဘအတုကိစ္စ၊ တာမွေ သချၤိုင်းကို ညသန်းခေါင်မှာ ရောက်လာတဲ့ တယောသမား သေဆုံးမှုတို့ကို ဖော်ထုတ်ပေးရန် စီအိုင်ဒီ ဆားပုလင်း နှင်းမောင်ကို သွားရှာခဲ့ပေမယ့် ဆားပုလင်းနှင်းမောင်က ရွှေဘိုဂတ်(ရွှေဘိုထောင်)ကို ပြောင်းရွှေ့ ခဲ့ရတာကြောင့် သူကိုယ်တိုင် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ယောင်ဆောင်ပြီး ဒီအမှုကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တာပါ။
ထိုခေတ်က နေ့စဉ်သတင်းစာ တစောင်ကနေ “ကျောသားရင်သား မခွဲခြားလို၊ ကျောသားရှိ၏ ရင်သားရှိလျှင် ဆက်သွယ်ပါ” ဟု ရေးထားသော ထူးဆန်းသည့် ကြော်ငြာတခုကြောင့် ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား တဖြစ်လဲ သုဘရာဇာ ဆိတ်ဖွား တယောက် သူတောင်းစား အိုလံနဲ့ အတူ ပူးပေါင်းပြီး ဘာတွေဆက်ဖြစ်ကြမလဲ၊ ဆားပုလင်း နှင်းမောင်ကကော ပဟေဠိဆန်တဲ့ လူသတ်မှုကို ဘယ်လို ဖော်ထုတ်မလဲဆိုတာကို ဇာတ်လမ်းမှာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဒီဇာတ်ကားက စာရေးဆရာ မင်းသိင်္ခရဲ့ ဝတ္ထုဖြစ်ပြီး ဒါရိုက်တာ ခင်စောမျိုးက ရိုက်ကူးထားပါတယ်။ ဒေါက်တာဆိတ်ဖွား ဇာတ်ကားကို ၂၀၀၀ ပြည့်နှစ် ဝန်းကျင်လောက်က မင်းသားကျော်ဟိန်းနဲ့ ရိုက်ကူး ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာ အခုလို ကိုလိုနီနောက်ခံနဲ့ စုံထောက်ဇာတ်လမ်းတွေ ရုပ်ရှင်အဖြစ် မြင်တွေ့ရတာရှားပါးလာပြီး ၈ နှစ်ကျော်မှ ရုပ်ရှင်ပြန်ရိုက်လာတဲ့ မင်းသားကျော်သူနဲ့ ဒီ ဒေါက်တာဆိတ်ဖွား ဇာတ်ကောင်ကို တဖန် ပြန်လည်မြင်တွေ့လာရခြင်းဖြစ်ပါတယ်။