လွတ်ရေးနဲ့ အတူ ဖွားဘက်တော် ပြည်တွင်းစစ်လည်း နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီ။ ယနေ့ခေတ် ဒီမိုကရေစီ လမ်းပေါ် အရောက် တက်လှမ်းနေပြီလို့ ပြောလို့ရတဲ့ ကာလတိုင် ငြိမ်းချမ်းရေး ရောင်နီဦး သန်းမလာသေး။ တိုင်းရင်းသားများ အချင်းချင်းလည်း အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက်နိုင်ရေးလည်း မှုန်ရီနေဆဲ။ ဒီလိုကာလမှာ တင်ဆက်တဲ့ ဘရန်လီရဲ့ No More Lives? လို့ အမည်ပေးထားတဲ့ ဒုတိယအကြိမ် တကိုယ်တော် ပန်းချီပြပွဲက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပြခန်းမှာ မေ ၇ ကနေ ၁၃ ရက်နေ့ အထိ ကျင်းပပြုလုပ် မယ့် ယင်းပြပွဲမှာ အများစုဟာ ကချင်ပြည်နယ် စစ်ဘေးစစ်ဒဏ်နဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို အခြေခံ ဖန်တီးတင်ပြထားတာ တွေ့ရပါတယ်။ သုံးစွဲထားတဲ့ မီဒီယံကလည်း တွေ့နေကျ ပန်းချီဆေးများ မဟုတ်ဘဲ Soot လို့ ခေါ်တဲ့ မီးခိုးမှိုင်းတွေနဲ့ ဖန်တီးထားတာကြောင့် ထူးခြားတဲ့အပြင် စစ်မြေပြင် ဒေသရဲ့ မွန်းကြပ်မှု၊ မရေမရာ မျှော်လင့်ချက်နဲ့ သောကဒုက္ခတွေကို ထင်ဟပ်တင်ပြနိုင်တာ တွေ့ရပါတယ်။
လူ့အသက်ပေါင်း များစွာလည်း ပေးဆပ် စတေးပြီး သေကြေနေဆဲ ဖြစ်သည်။ “စစ်” သည် အဘယ်ကြောင့် သက်ဆိုး ရှည်နေရသနည်း။ “စစ်” ဟူသော စကားလုံးကို မည်သူမျှ မကြားလို။ ထို့အတူ စစ်ပွဲများကိုလည်း မည်သူ တဦး တယောက်မျှ တိုက်ချင်ကြလိမ့်မည် မထင်။ သို့ဆိုလျှင် ဘာကြောင့် စစ်တိုက်နေကြရသနည်းလို့ သူ့ရဲ့ အနုပညာ ရှင်းလင်းတင်ပြချက်မှာ ဖော်ပြထားပါတယ်။
စစ်ပွဲများကြားတွင် အိုးအိမ်ယာမြေများကို စွန့်ခွာကာ အသက်လု ပြေးရှောင်နေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်များ၊ မိကွဲဖကွဲ မိသားစုများ၊ မိုးမလုံ လေမလုံ အိပ်စက်နေကြရတဲ့ ဘဝများ၊ ကိုယ်ဝန်သည်များ၊ လူမမယ် ကလေးငယ်များ၊ သက်ကြီး ရွယ်အိုများ၊ ဒုက္ခဝေဒနာပေါင်းစုံ ခံစားနေရပြီး ပညာသင်ယူခွင့်မဲ့၊ အနာဂတ်လည်း မဲ့နေသော ကလေးငယ်များ၊ မဒိမ်းကျင့် သတ်ဖြတ်ခံနေရသော အရွယ်စုံ အမျိုးသမီးတို့၏ ဘဝများ၊ ထိုထိုသော ကျီးလန့်စာစား လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်းစုံ ခံစားနေကြရသော ပြည်သူများ၏ ဘဝများစွာကို သူ့ရဲ့ ပန်းချီအနုပညာနဲ့ ကြေကွဲမှတ်တမ်းပြု တင်ပြတာ ဖြစ်တယ်လို့လည်း ဆက်လက် ဖော်ပြထားပါသေးတယ်။
ကချင်တိုင်းရင်းသား ပန်းချီဆရာ ဘရန်လီကို ၁၉၈၁ ခုနှစ်၊ မြစ်ကြီးနားမှာ မွေးဖွားခဲ့ပြီး ၁၀ တန်းအောင်ပြီးနောက် ၂၀၀၀ ပြည့်နှစ်မှာ ရန်ကုန် ယဉ်ကျေးမှုတက္ကသိုလ်ကို တက်ရောက်ခဲ့ပါတယ်။ ၂၀၀၄ မှာ B.A (Painting) အထူးပြုနဲ့ ဘွဲ့ ရရှိခဲ့ပါတယ်။ ဘရန်လီဟာ အုပ်စုပြပွဲပေါင်း ၂၀ ကျော်မှာ ပါဝင်ပြသနိုင်ခဲ့သလို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၀ က ၂၅ ရက်နေ့အထိ ပန်းဆိုးတန်း ပြခန်းမှာ သူ့ရဲ့ No More Life? ပထမအကြိမ် တကိုယ်တော် ပန်းချီပြပွဲကိုလည်း ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဒီပြပွဲမှာတော့ စိတ်ခံစားမှု အခြေပြု (Emotional Expression) ပန်းချီကားတွေလို့ ဆိုနိုင်ပြီး Surreal Mood ပန်းချီကားတွေ ပြသခဲ့ပါတယ်။
“ကျနော် ငယ်ငယ်က အဖေဟာ နေ့ညမပြတ် ရေဒီယို နားထောင်တာကို မှတ်မိနေပါတယ်။ ရေဒီယိုကနေ ကြားနေရတာက သီချင်းသံ နည်းနည်းနဲ့ နိုင်ငံရေးသတင်း၊ စစ်ရေးသတင်းတွေပဲ များပါတယ်။ အဖေက နိုင်ငံရေး သမား မဟုတ်၊ သာမာန် ပြည်သူတဦးသာ ဖြစ်ပါတယ်။ အဖေ ဘာကြောင့် ရေဒီယိုနားထောင်တာလဲ ဆိုတာ အဖေ ကွယ်လွန်သွားတဲ့ အထိ တခါမှ မေးမကြည့်ခဲ့ဘူး။ ဒါပေမယ့် အခုတော့ ကျနော်လည်း ရေဒီယိုအပြင် သတင်း မီဒီယာ ပေါင်းများစွာက ထုတ်လွှင့် ရေးသားတဲ့ သတင်းတွေကို ဖတ်မှတ် နားထောင်တတ်နေပါပြီ။ တရားမျှတမှု၊ ထာဝရ ငြိမ်းချမ်းမှုကို မျှော်လင့်နေမိလို့ပေါ့။ အမှန်တရား၊ တန်းတူအခွင့်အရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီး မတည်ဆောက်နိုင် သေးသမျှ စစ်ပွဲတွေက ဆက်ရှိနေဦးမှာပဲ” လို့ ဘရန်လီက ပြောပါတယ်။
လက်ရှိ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး သူက “မငြိမ်းမချမ်း ဖြစ်နေတာ မကောင်းပါဘူး။ ပဋိပက္ခတိုင်း နှစ်ဖက်စလုံးအတွက် အရှုံးတွေချည်းပါ။ ပိုပြီး နက်ရှိုင်းတဲ့ စိတ်ဒဏ်ရာတွေလည်း ရသွားစေနိုင်တယ်။ ဒါကြောင့် ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုးမှုတွေ အမြန်ရစေချင်ပါတယ်” လို့ သူ့ မျှော်လင့်ချက်ကို ပြောပါတယ်။
သူ့ အဖေ တသက်လုံး ရေဒီယိုကို စွဲစွဲမြဲမြဲ နားထောင်ခဲ့ပေမယ့် မကြားခဲ့ရတဲ့ အေးချမ်းသာယာ သီချင်းသံများ၊ စစ်ခိုး၊ စစ်ငွေ့၊ စစ်ရိပ်ကင်းတဲ့ သတင်းများ၊ ငြိမ်းချမ်းတဲ့ သတင်းများကို အဖေ့ကိုယ်စား ကြားနိုင်၊ မြင်နိုင်၊ ဖတ်နိုင် လိမ့်မယ်လို့ မျှော်လင့်မိကြောင်း၊ အမြန်ဆုံး ငြိမ်းချမ်းတဲ့ ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ပြောပါတယ်။